မိုးနဲ ဇန်နဝါရီ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်(မူလ) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော မိုင်းပန်-ကုန်းကျိုင်းလမ်း ကျောက်လမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးဝင်းကျော်မျိုး၊ စီမံကိန်းစစ်ဆေးရေးနှင့်အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မိုးဝင်းနှင့် တာဝန်ရှိသူများက မိုင်းပန်-ကုန်းကျိုင်းလမ်း ကျောက်လမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီး အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ လင်းခေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်ဆွေဆွေနွယ်နှင့် မြို့နယ်တာဝန်ခံတို့က လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး အင်ဂျင်နီယာချုပ်က လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းပန်-ကုန်းကျိုင်းလမ်း ကတ္တရာခင်းခြင်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်(မူလ) ခွင့်ပြုရန်ပုံငွေကျပ် ၁၀၇ ဒသမ ၃၈ သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီက လမ်းအရှည် သုည ဒသမ (၆၀၃၅) ကီလိုမီတာ၊ ၃ ဒသမ ၆၆ မီတာအကျယ် နှင့် ၂၂၅ မီလီမီတာထုကို ကျောက်လမ်းမှ ကတ္တရာလမ်းအဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ