နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၂၄

နေပြည်တော် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ဆက်လက်ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း မွေးမြူရေးကဏ္ဍထုတ်ကုန်များ ထုတ်လုပ်မှုမြှင့်တင်ရေး၊ ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် မွေးမြူရေးကဏ္ဍနှင့် ဆက်စပ်လုပ်ငန်းများတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေး၊ စီးပွားရေးဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သွင်းအားစုများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး၊ ဒေသ ရေ မြေ ရာသီဥတုနှင့်ကိုက်ညီသော မျိုးကောင်း မျိုးသန့်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး၊ သဘာဝအတိုင်းသားစပ်ခြင်း၊ မေထုန်မဲ့သားစပ်နည်းများဖြင့် မျိုးမြှင့်သားစပ်ခြင်း၊ မျိုးသန့်မျိုးရေခဲချောင်းများ တင်သွင်းခြင်း၊ လွှတ်ကျောင်းစနစ်မှ ခြံလှောင်မွေးမြူရေးစနစ်သို့ ကူးပြောင်းမွေးမြူနိုင်ရေးတို့ကို စီမံဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အစာကုန်ကြမ်းများကို အရည်အသွေးပြည့်မီသည့် အစာများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး၊ အရည်အသွေးမြှင့် မွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာပံ့ပိုးမှုများ ဆောင်ရွက်ခြင်းတို့ကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမို၍ တိုးတက်အောင်မြင်အောင် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့်ဌာနဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော်အတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)