မဟာအောင်မြေမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မဟာအောင်မြေ ဇန်နဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အ.ထ.က (၂၄) ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ရဲမှူးဦးနိုင်အောင်ခိုင်က ဘိန်းဖြူသုံးစွဲခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် ရေတိုရလဒ်အဖြစ် အသက်ရှုနှုန်းမြန်လာခြင်း၊ အာခေါင်ခြောက်ခြင်း၊ မျက်စိသူငယ်အိမ်ကျဉ်းခြင်း၊ ကိုယ်နှုတ်အမူအယာ ပြောင်းလဲခြင်း၊ စိတ်ရှုပ်ထွေးစေခြင်း၊ ဂနာမငြိမ်ခြင်း၊ ငိုက်မြည်းစေခြင်း၊ နှာရည်ယိုခြင်း၊ ဦးနှောက်သွေးနိုးကြားခြင်းနှင့် ထိုင်းမှိုင်းခြင်းတို့ တစ်လှည့်စီဖြစ်ပေါ်ခြင်း၊ နှုတ်ခမ်းများခြောက်သွေ့လာခြင်း၊ အရေပြားများ ပူနွေးလာခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်း၊ ရေရှည်ရလဒ်အဖြစ် သွေးပြန် ကြောများပြိုကွဲခြင်း၊ အသည်းရောင်ရောဂါဖြစ်ခြင်း၊ ပြည်တည်နာများဖြစ်ပေါ်ခြင်း၊ နှလုံးအဆို့ရှင်နှင့် သွေးလမ်းကြောင်းများ ပျက်ဆီးခြင်း၊ အဆုတ်နှင့်ဆိုင်သော ရောဂါများဖြစ်ခြင်း၊ HIV/AIDS ရောဂါများ ဖြစ်ပေါ်ခြင်းများ ဖြစ်ပေါ်စေနိုင်သောကြောင့် စတင်မသုံးစွဲသင့်ကြောင်း ဟောပြောပြီး အမှတ် (၉၀) ယာဉ်ထိန်းတပ်ဖွဲ့စု နယ်မြေမှူးဒုရဲမှူး ဦးငွေထွန်းက ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှင့်ပတ်သက်၍ ဟောပြောခြင်း၊ အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု တပ်ဖွဲ့စိတ်မှူး ရဲအုပ် ဦးဦးကိုမျိုးကလည်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အသိပညာပေးခြင်းများကိုလည်းကောင်း အသီးသီး ဟောပြောခဲ့သည်။

ဟောပြောပွဲသို့ မူးယစ်တပ်ဖွဲ့စု၊တပ်ဖွဲ့စုမှူး ရဲမှူးဦးနိုင်အောင်ခိုင်၊ ယာဉ်ထိန်းတပ်ဖွဲ့စု နယ်မြေမှူးဒုရဲမှူး ဦးငွေထွန်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု တပ်ဖွဲ့စိတ်မှူး ရဲအုပ် ဦးကိုကိုမျိုး၊ အ.ထ.က (၂၄) ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းလင်းနှင့် ကျောင်းသား၊ သူ စုစုပေါင်း (၂၃၀) ဦး တက်ရောက်ကြကြောင်း သိရသည်။

အောင်ဇော်မင်း