မြစ်သား ဇန်နဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွာသစ်ကျေးရွာ၌ ကိုသူရမောင်နှင့် မချိုသဲဇော်(မိသားစု)မှ ဦးစီးလုပ်ကိုင်သော “ရသာချို” ကြက်သွန်ကြော်လုပ်ငန်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်များရရှိကာ မိသားစုဝင်ငွေတိုးပွား၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြစ်သားကြက်သွန်နီကို အခွံခွာပြီး လှီးခြစ်ကာ ပြီးတာနဲ့ဆီသန့်ဖြင့်ကြော်ရကြောင်း၊ အေးသွားသောအခါမှာ အိတ်ဖြင့် ၁ ပိဿာ၊ ၅၀ ကျပ်သား၊ ၂၅ ကျပ်သား၊ ၁၀ ကျပ်သား ဝယ်ယူကုန်သည်များ၏ စိတ်တိုင်းကျထုတ်ပိုးပေးရကြောင်း၊ (၂၅)ကျပ်သား အိတ်တစ်ထုတ်လျှင် (၆၅၀၀ိ/-)၊ (၁) ပိဿာအိတ် တစ်ထုတ်လျှင် (၂၆၀၀၀ိ/-) စျေးဖြင့် ရောင်းချလျက်ရှိရာ တစ်နေ့လျှင် အချိန် (၃၃၀)ပိဿာကျော်ကို လက်လီလက်ကားဖြင့် ရောင်းချလျက်ရှိကြောင်း “ရသာချို” ကြက်သွန်ကြော်သည် မြစ်သားကြက်သွန်ဖြင့် သဘာဝအတိုင်းကြော်ပြီး ဓာတုဆေးဝါးများအား သုံးစွဲခြင်းမရှိသောကြောင့် ကျန်းမာရေးအရလည်း အထောက်အကူပြု၍ အလွန်ကောင်းမွန်ကာ လူမျိုးမရွေးဘာသာမရွေး စားသုံးနိုင်အောင် ဆီသန့်ဖြင့်သာကြော်ထားကြောင်း၊ ကြက်သွန်ကြော်လုပ်ငန်းကို ၂၀၁၃ ခုနှစ်ထဲက လုပ်သား(၁၀)ဦးဖြင့် တနိုင်တပိုင်စတင်ရာမှ ယခုကဲ့သို့ လုပ်သား(၇၀)ဦးခန့်အထိ ဒေသခံတွေကို အလုပ်အကိုင်တွေ ပေးလာနိုင်တာဆိုရင် (၁၂)နှစ်ရှိပြီဖြစ်ပြီး လုပ်ငန်းနှင့်လုပ်သားတွေ နေ့စဉ်ဝင်ငွေအတွက် အလုပ် အကိုင်များ ရရှိကာ မိသားစုများစားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိကြောင်း “ရသာချို” ကြက်သွန်ကြော် လုပ်ငန်းပိုင်ရှင် မချိုသဲဇော်မှ ပြောကြားကြောင်း သိရသည်။
မြစ်သားဒေသထွက် “ရသာချို” ကြက်သွန်ကြော်ကို ဖြန့်ဖြူးရောင်းချရာတွင် မြစ်သား၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မန္တလေးတလျှောက် မြို့ငယ်များနှင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်းမြို့အထိပါ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ယခုဆိုလျှင် မြဝတီမှတစ်ဆင့် ဘန်ကောက်အထိပါ တဖြည်းဖြည်း ပိုမိုကျယ်ပြန့်အောင် ဖြန့်ဖြူးရောင်းချလျက်ရှိသောကြောင့် ဒေသခံပြည်သူများ နေ့စဉ်ဝင်ငွေအတွက် အလုပ်အကိုင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရဲနိုင်ဦး(ပြန်/ဆက်)