ကော့မှူး ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ကော့မှူး) နှင်းဆီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလူမင်းက မီးခိုးမြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့ကြောင့် ဖြစ်ပေါ်စေသော ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ဖြစ်ပွားနေချိန်များတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကာကွယ်နိုင်သည့် နည်းလမ်းများ၊ ရာသီဥတုပြောင်းလဲလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းအား လျှော့ချရမည့်နည်းလမ်းများ၊ သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းဖြင့် ရာသီဥတုကောင်းမွန်လာစေခြင်း၊ တောမီးမရိူ့ခြင်းနှင့် တောင်ယာမီးရိူ့ခြင်းများမပြုလုပ်စေရေး စသည့်အကြောင်းအရာများအား ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြေကြားခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာသူများကို သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)