လမ်းမတော်မြို့နယ် အ.လ.က (၁) ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ် အ.လ.က (၁) ကျောင်းအတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် (၁) နာရီအချိန်က အ.လ.က (၁) လမ်းမတော်၊ မြမာလာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အ.လ.က (၁) လမ်းမတော်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မမချိုက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လမ်းမတော်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်နှင့် အ.လ.က (၁) လမ်းမတော်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မမချိုတို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး အ.လ.က (၁) လမ်းမတော်မှ ကျောင်းသား၊ ကျောင်းသူလေးများက သက်ဆိုင်ရာခေါင်းစဉ် များအလိုက် အသီးသီး ပါဝင်ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး၊ ဆွေးနွေးပွဲတွင်ပါဝင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ ထို့နောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်းနှင့် တက်ရောက်လာကြသူများက ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်ပြဘုတ်များနှင့် သုတ၊ ရသစာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကျော်ဆန်းမြင့်