အမရပူရ ဇန်နဝါရီ ၂၅
အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်ဗုဒ္ဓဘာသာအသင်းက ကြီးမှူး၍ ပါမာက္ခချုပ်အမှူးပြုသော ရတနာပုံတက္ကသိုလ်မိသားစုများ စုပေါင်း၍ (၂၅) ကြိမ်မြောက် မဟာဘုံကထိန်တော်အောင်ပွဲ ရေစက်ချအခမ်းအနားကို ဇန်နဝါရီ ၂၃ ရက် နံနက် ၉နာရီက အဆိုပါတက္ကသိုလ်ရှိ တက္ကသိုလ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ ဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာခင်မော်မော်စိုး၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ (ဌာနမှူး) များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စီမံဌာနမှူးနှင့် စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ စီမံဝန်ထမ်းများ၊ စေတနာရှင် အလှူရှင်များက (၂၅) ကြိမ်မြောက် မဟာဘုံကထိန်တော် အောင်ပွဲအထိမ်းအမှတ်အဖြစ် ပဒေသာပင်များနှင့်အတူ ပင်မဆောင်၊ တက္ကသိုလ်ဥပစနှင့် တက္ကသိုလ်ပရဝုဏ်အတွင်း စီတန်းလှည့်လည်ကြသည်။
ထို့နောက် အမရပူရမြို့နယ်၊ မြဘယက်သာမဏေကျော်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တနန္ဒဝံသာဘိဝံသ၊သံဃာတော်အရှင်သူမြတ် ၁၁ ပါး၊ ပါမောက္ခချုပ်နှင့် စေတနာရှင် အလှူရှင်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ဆက်လက်ပြီး မြဘယက်သာမဏေကျော်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ နန္ဒဝံသာဘိဝံသထံမှ ပါမောက္ခချုပ် အမှူးရှိသော အလှူရှင်ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကထိန်သင်္ကန်း၊ နဝကမ္မဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများ ကို ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် လှူဒါန်းမှုအစုစုအတွက် ဆရာတော် ဘဒ္ဒန္တနန္ဒဝံသာဘိဝံသက အနုမောဒနာတရား ချီးမြှင့်ခဲ့ပြီး အလှူရှင်ဧည့်ပရိတ်သတ်များက ရေစက်သွန်းချ အမျှပေးဝေ၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)