နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာ၊ “သီရိအလင်းရောင်” စာကြည့်တိုက်နှင့် ပန်းတင်ကျေးရွာ “ရွှေပန်းတင်”စာကြည့်တိုက် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားတက်ရာက်

နေပြည်တော် ဇန်နဝါရီ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာအုပ်စု၊ ပျံချီကျေးရွာ “သီရိအလင်းရောင်”စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် အဆိုပါစာကြည့်တိုက်ရှေ့၌ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင် ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။

ဦးစွာ “သီရိအလင်းရောင်” စာကြည့်တိုက်အဆောက်အဦအသစ်ကို နေပြည်တော် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်နှင့် ပျံချီကျေးရွာ ရပ်မိရပ်ဖ ဦးဇော်ထွန်းနိုင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် စာပေဖတ်ရှု လေ့လာခြင်းမှ အသိပညာဗဟုသုတများစွာ ရရှိနိုင်သဖြင့် စာအုပ်စာပေလေ့လာ ဖတ်ရှုရာတွင် ဖတ်ရှုရုံသက်သက်မလုပ်ဘဲ ဖတ်သမျှကို မှတ်သားခြင်း၊ မှတ်သားမိသမျှကိုလည်း ပြန်လည် မျှဝေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သို့မှသာ အမှား/အမှန်ကို ဝေဖန်သုံးသပ် နိုင်ကာ အသိပညာဗဟုသုတ ကြွယ်ဝပြီး နောင်တစ်ချိန်တွင် တိုင်းပြည်က အားကိုးအားထား ပြုရမည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ လူငယ်များအပါအဝင် ပြည်သူများအားလုံး စာဖတ်ကြရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန် ယခုလို ကျေးရွာ စာကြည့်တိုက်များ တည်ဆောက်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် စာကြည့်တိုက် များသို့ သွားရောက်၍ စာပေဖတ်ရှုရန်အတွက် ရပ်မိ၊ ရပ်ဖများ၊ အုပ်ထိန်းသူများအနေဖြင့်လည်း လူငယ်များ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးကို ဝိုင်းဝန်းနှိုးဆော် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကျေးရွာစာကြည့်တိုက် ရေရှည်ခိုင်မာပြီး ရှင်သန်ဖွံ့ဖြိုးတိုးတက် စေရေး၊ စာအုပ်စာစောင်များ ဆက်လက်တိုးပွားရရှိစေရေး လုပ်ငန်းများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော် မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စာကြည့်တိုက်ဆိုင်ရာ အချက်အလက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရထံ လွှဲပြောင်းပေးအပ်ပြီး  စာကြည့်တိုက်အတွက် စာအုပ်စာစောင်များနှင့် MRTV DTH စလောင်းနှင့် MRTV DVB- T2 Set Top Box တစ်စုံကို လည်းကောင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ကာ စာကြည့် တိုက်အတွင်း ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များ ထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျံချီကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲသို့ သွားရောက်၍ လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော် မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ပြောင်ခေါင်းကြီးကျေးရွာအုပ်စု၊ ပန်းတင်ကျေးရွာ “ရွှေပန်းတင်”စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

အဆိုပါ “ရွှေပန်းတင်” စာကြည့်တိုက်အဆောက်အဦအသစ်ကို နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်နှင့် ပန်းတင်ကျေးရွာ ရပ်မိရပ်ဖ ဦးမောင်ဌေးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားပြီး စာကြည့်တိုက်ဆိုင်ရာ အချက်အလက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရထံ လွှဲပြောင်းပေးအပ်ကာ  စာကြည့်တိုက်အတွက် စာအုပ်စာစောင်များနှင့် MRTV DTH စလောင်းနှင့် MRTV DVB- T2 Set Top Box တစ်စုံကိုလည်းကောင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်သည်။

ယင်းနောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်ရာ ရပ်မိရပ်ဖ ဦးမြင့်မောင်က လက်ခံရယူသည်။

ထို့နောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက စာကြည့်တိုက်အတွင်း ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များ ထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)