ချမ်းအေးသာစံ ဇန်နဝါရီ ၂၄
ရာဂီမုန်တိုင်းကြောင့် ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ပျက်စီးဆုံးရှုံးမှုများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ တွင်ကျင်းပရာမန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တိုင်းဦးစီးမှူးများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီးအတွင်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး ပြန်လည်ကုစားခြင်းနှင့်လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါ ကြောင်း၊ နိုင်ငံတော်အကြီးအကဲမှ လမ်းညွှန်မှာကြားချက်အတိုင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီးစီးအောင် အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် တင်ပြထားမှုနှင့် မြေပြင်ဆောင်ရွက်နေမှုများ တိကျမှန်ကန်ရန်လိုအပ်ပြီး လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် ဌာနဆိုင်ရာမှ တိုင်းဦးစီးမှူးများက ပျက်စီးမှု၊ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန် ကျန်ရှိနေမှုတို့အား ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် ဆွေးနွေးချက်များအပေါ်ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သရသည်။
ထွန်းထွန်းနိုင်