ပုသိမ်ကြီး ဇန်နဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၈၀) စက်မှုလယ်ယာစခန်းမှ (Round Baler) ကောက်ရိုးထုံးစက်ဖြင့် တောင်သူပညာပေး သရုပ်ပြပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၈နာရီက အိုင်ကြီးကျေးရွာ ကွင်းအမှတ် (၅၅၂-က) တောင်သူ ဦးသိန်းဋ္ဌေးအောင်၏ လယ်ယာမြေ၌ ကျင်းပသည်။
တောင်သူသရုပ်ပြပွဲတွင် မြို့နယ်စက်မှုလယ်ယာ ဦးစီးအရာရှိ ဦးကျော်ထင်က (Round Baler) ကောက်ရိုးထုံးစက်ကိရိယာအကြောင်းကို တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ လက်တွေ့မောင်းနှင်ပြသခဲ့မှုကို တောင်သူများ စိတ်ဝင်တစား ကြည့်ရှုလေ့လာကြသည်။ အဆိုပါ ကောက်ရိုးထုံးစက် အသုံးပြုခြင်းကြောင့် အချိန်ကုန် လူပင်ပန်းမှု သက်သာစေခြင်း၊ တောင်သူများ ငွေကုန်ကြေးကျသက်သာ၍ လယ်ယာလုပ်သား ရှားပါးမှုအပေါ် ဖြေလျော့ပေးနိုင်စေပြီး၊ ကောက်ရိုးထုံးများ စနစ်တကျရရှိ၍ သိမ်းဆည်းရ လွယ်ကူစေကာ တောင်သူများ၏ ကျွဲ၊ နွားစာများ ဖူလုံစွာရရှိစေမည့်အပြင် သိုလှောင်နေရာ အနည်းငယ်သာ လိုအပ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။
အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ထင်နှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူ (၃၀) ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)