၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောက်ပန်းတောင်းမြို့နယ် မြို့မတောင်အခြေခံပညာမူလတန်းကျောင်း ပညာရေးစုံညီပွဲတော် ကျင်းပ

ကျောက်ပန်းတောင်း ဇန်နဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့မတောင်ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို၊ ဇန်နဝါရီလ (၂၃) ရက်နေ့ နံနက် (၉) နာရီက အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို Grade-4 နှင့် Grade-5 ကျောင်းသား/ ကျောင်းသူလေးများက ကြိုဆိုပါသည် စုံညီပွဲတော် သီချင်းဖြင့် သံပြိုင်သီဆိုဖွင့်လှစ်ပေးကြပြီး၊ မြို့မတော်မူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမြင့်က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် မြို့နယ်အဆင့်စာစီစာကုံး ဆုရကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူလေးများ၏ ဦးရွှေရိုး၊ ဒေါ်မိုးအက၊ လက်ပံပွင့်ကောက်အက အစရှိသည့် အကအလှများ တေးသရုပ်ဖော်များဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ ကာယ/ ဉာဏစွမ်းရည်ဆု၊ အားကစား ဆုများနှင့် အနုပညာဆုများကို ဆရာ/ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး၊ Grade-2 နှင့် Grade-3 ကျောင်းသား/ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းကို သံပြိုင်သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ ပညာရေးစုံညီပွဲတော်သို့ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းငွေနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)