မိတ္ထီလာတွင် မြန်မာနိုင်ငံအပူပိုင်းဇုန် သီးနှံများပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို လေ့လာဆန်းစစ်ခြင်းစီမံကိန်း (၂၀၂၂) မှ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်း ဖွင့်လှစ်ပို့ချ

မိတ္ထီလာ ဇန်နဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သော မြန်မာနိုင်ငံအပူပိုင်းဇုန်တွင် သီးနှံများပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို လေ့လားဆန်းစစ်ခြင်းစီမံကိန်း (၂၀၂၂) မှ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းကို ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်က ခရိုင်စိုက်ပျိုးရေးရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းတွင် စီမံကိန်းညွှန်ကြားရေးမှူး ဒေါက်တာခင်မာလေးက စီမံကိန်းအကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မိတ္ထီလာခရိုင် စိုက်ပျိုးရေးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းက နွေသီးနှံများဖြစ်သော စပါး၊ ဝါ၊ နှမ်း၊ ပဲတီစိမ်းသီးနှံများနှင့် ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရာတွင် မျိုးကောင်း မျိူးသန့်သုံးစွဲရေး၊ မြေသား တည်ဆောက်မှုကောင်းအောင် မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် ရေအရင်းအမြစ်ဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးနှင့် နည်းပညာများ စနစ်တကျလိုက်နာစေရေး ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် သင်တန်းကို ဆက်လက်ပို့ချရာ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး မြေအသုံးချရေးတာဝန်ခံ ဒေါ်သက်သက်ထွန်းက မြေဆီလွှာနှင့် အပင်အဟာရဓါတ်များ စီမံခန့်ခွဲခြင်းနည်းအကြောင်း၊ တိုင်းဒေသကြီးသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်သင်းသင်းထက်က သီးနှံဖျက်ပိုးရောဂါများ ကာကွယ်နှိမ်နင်းနည်းအကြောင်း၊ တိုင်းဒေသကြီးမျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသွင်က မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိူးများ၏ အရည်အချင်းလက္ခဏာများအကြောင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်က သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံအထွက်နှုန်းမထိခိုက်စေရေး ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများ အကြောင်းကို အသီးသီးပို့ချခဲ့သည်။

အဆိုပါ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းကို မိတ္ထီလာ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ညောင်ဦးမြို့နယ်များမှ စိုက်ပျိုးရေးဝန်ထမ်း ၃၀ ဦးနှင့် စိုက်ပျိုးရေးတောင်သူ ၁၂၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။               

သိန်းမြင့်ကျော်(မိတ္ထီလာ)