သာစည် ဇန်နဝါရီ ၂၄
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ရာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၂ ရက်နေ့က သပြေဝကျေးရွာရှိ အိမ်ခြေ ၄၅၇ အိမ်ကို တစ်အိမ်တက်ဆင်းစစ်ဆေးပြီး မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲဌေးဦးနှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်များ၌ မီးဘေးကြိုတင်ကာကွယ်ရေး ကြိုတင်ဆောင်ရွက်ထား ရှိမှုများကို တစ်အိမ်တက်ဆင်းစစ်ဆေးပြီး နေအိမ်တိုင်းတွင် မီးချိတ်မီးကပ်၊ သဲ၊ လှေကား၊ ရေနှင့် မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိရန်၊ မီးဖိုမီးကို အန္တရာယ်ကင်းရှင်းစွာဖြင့် သတ်မှတ်ချိန်အတွင်း စနစ်တကျအသုံးပြုရန်နှင့် မီးကြွင်းမီးကျန်များကို သေချာစွာငြှိမ်းသတ်ရန်၊ လျှပ်စစ်ပစ္စည်းများ၊ ဂတ်စ်မီးဖိုများနှင့် မီးဘေးအန္တရယ်စိုးရိမ်ရသော လုပ်ငန်းများ စသည်တို့ကို မီးဘေးလုံခြုံရေးဆိုင်ရာ အချက်များ အသိပညာပေးခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း၊ တစ်အိမ်တက်ဆင်းစစ်ဆေးပြီး အသိပညာပေးခြင်း၊ မီးဘေးအန္တရာယ်စိုးရိမ်ရသော နေရာများတွင် မီးငြှိမ်းသတ်နည်းများ ဇာတ်တိုက်လေ့ကျင့်ခြင်း စသည်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)