အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)မောင်မယ်သစ်လွင်ကြိုဆို

ဘားအံ ဇန်နဝါရီ ၂၄

ကရင်ပြည်နယ်အတွင်း အမှန်တကယ်အသုံးချရန် လိုအပ်နေသည့် နည်းပညာနှင့်သက်မွေးပညာ သင်တန်းများကိုသင်ယူနိုင်ရန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သော အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါသိပ္ပံ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)တွင် A.G.T.I(၃)နှစ်ဒီပလိုမာသင်တန်းများဖြစ်သော မြို့ပြအင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာနှင့် စက်မှုအင်ဂျင် နီယာသင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားပေးနေပြီး မောင်မယ်သစ်လွင် ၆၉ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မိမိတို့ရွေးချယ်ထားသည့် ဘာသာရပ်အသီးသီးတွင် ကျွမ်းကျင်ပညာရှင်များဖြစ်အောင် မိမိ၏မျှော်မှန်းချက်များ အကောင်အထည်ဖော်အောင်မြင်ရန် အတွက် သက်ဆိုင်ရာပညာရပ်များကိုကြိုးစားသင်ယူ၍ ပြောင်းလဲတိုးတက်နေသည့် နည်းပညာရပ်များကို အမြဲမပြတ်လေ့လာဆည်းပူးရင်း ထူးချွန်ထက်မြတ်သည့် နိုင်ငံ့သားကောင်း၊သမီးကောင်း ပညာရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုဝမ်းမြောက်ကြောင်းနှင့် သင်ကြားသင်ယူမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တက်ရောက်လာသူများက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆု(၃)ဆု ရရှိကြသူများအား ဂုဏ်ပြုဆု များပေးအပ်ချီးမြှင့်သည်။

ယင်းနောက် မောင်မယ်သစ်လွင်များကိုယ်စား ပထမနှစ်ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာတစ်ဦးချင်းတွေ့ဆုံနှုတ်ဆက်၍ အားပေးစကား များပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၏ မောင်မယ်သစ်လွင်အဆောင်နေ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ဆရာမများနှင့်အတူ စားရိပ်သာခန်းမ၌ အထူးနေ့လယ်စာစားပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က နောင်တစ်ချိန်တွင် တိုင်းပြည်မှ အားကိုးအားထားပြုရမည့် အင်ဂျင်နီယာပညာရှင်ကြီးများ ဖြစ်လာကြမည့် မောင်မယ်တို့ကို အလေးထားသည့်အတွက် ယခုကဲ့သို့အထူးနေ့လည်စာကိုအတူတကွလာရောက်သုံး ဆောင်ခြင်း ဖြစ်ပြီး ကိုယ်ကျင့်တရားကောင်းမွန်၍ ဗလငါးတန်ပြည့်စုံအားကောင်းသည့် လူငယ်များ၊ အမိစက်မှုလက်မှု သိပ္ပံက ဂုဏ်ယူရသူများဖြစ်အောင်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ဆင့်ကမ်းတာဝန်များကို ထမ်းရွက်နိုင်ရန် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားကာ အထူးနေ့လယ်စာအတွက် ငွေကျပ်လေးသိန်းသုံးသောင်းကို  ကျောင်းအုပ်ဆရာမကြီးထံ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)ရှိ ဆရာ၊ ဆရာမများ၊ အဆောင်နေကျောင်းသား၊ ကျောင်းသူများနှင့်အတူ အထူးနေ့လယ်စာကို သုံးဆောင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)