မဟာအောင်မြေ ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အလင်းတန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစီး အလင်းတန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက လူငယ်စကားဝိုင်းဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ပြေကြားရာတွင် အခြေခံပညာ ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ လူငယ်လူရွယ်တွေ ဗလငါးတန်းနှင့်ပြည့်စုံစေရန်၊ လူအများရှေ့ ရဲဝံ့စွာပြောဆိုတတ်စေရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ဗဟုသုတများ အပြန်အလှန်ဖလှယ်ခွင့်ရရှိစေရန်၊ စာပေဖတ်ရှုတဲ့ အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ မိမိနိုင်ငံအတွက် ဦးဆောင်ဦးရွက်ပြုနိုင်သော သားကောင်းရတနာ၊ သမီးကောင်း ရတနာများ ပေါ်ထွက်လာစေရန်၊ ရည်ရွယ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး မြင့်မြင့်သွယ်က ဦးဆောင်ဆွေးနွေးခဲ့ပြီး အလင်းတန်းကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား/ သူလေးများက မိမိနှစ်သက်ရာခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုများအပေါ် ကျောင်းသား/ ကျောင်းသူများက သိလိုသည်များ မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူမှ ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာပေများအား တက်ရောက်လာသော ကျောင်းသား/သူများကလည်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
လူငယ်စကားဝိုင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးနှင့်ဝန်ထမ်းများ၊ အလင်းတန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ တာဝန်ရှိသူများနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား/ သူများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ဇော်မင်း