နမ့်စန်မြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နမ့်စန်() ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၂ နာရီက အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်အားကစားရုံတွင် ကျင်းပခဲ့ရာ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားအသင်းများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖွင့်ပွဲတက်ရောက်လာကြသော အကြီးအကဲများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံတွေ့ဆုံ နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုအလေးပြု၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

ထို့နောက် အခြေခံပညာကျောင်းပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။

အဆိုပါ မြန်မာ့သိုင်းပြိုင်ပွဲကို ဇန်နဝါရီ၂၆ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကာ နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၉)ကျောင်းမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုထံမှ သိရသည်။

သူရအောင်(နမ့်စန်)