ကော့မှူးတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြော

ကော့မှူး ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် တွံတေးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းကျင်းပသော လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က အခြေခံပညာအထက်တန်းကျောင်း အ.ထ.က ကော့မှူး(နှင်းဆီခန်းမ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင်တွံတေးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး အဖွင့်အမှာစကား ပြောကြားရာတွင် လူကုန်ကူးမှုဖြစ်ပေါ်လာပုံ၊ လူကုန်ကူးခံရနိုင်သူများဖြစ်ပွားသည့် လူကုန်ကူးမှုအမျိုးအစားနှင့် ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားခဲ့ပြီး ကော့မှူးမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသောင်းရွှေက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေများ၊ မှုခင်းဆိုင်ရာများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် သတိပြုရမည့်အချက်များအား ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ တွံတေးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ချိုမျိုးထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်သူရ(ပြန်/ဆက်)