ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်တွေ ဇန်နဝါရီ ၂၃

ရခိုင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ ဒုတိယပါမောက္ခချုပ်များ၊ စစ်တွေတက္ကသိုလ်မှ ပါမောက္ခ၊ ဌာနမှူးများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့တို့မှ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများက Video Conference စနစ်ဖြင့်တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတစ်နိုင်ငံခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးကိုခေတ်မီအောင် ဦးစွာပြုပြင်ပြောင်းလဲရမည်ဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပညာရေးရင်းနှီးမြှုပ်နှံမှုနှင့်ပညာရေးအသုံးစရိတ်များကို သိသိသာသာတိုးမြှင့်သုံးစွဲနေခြင်း ဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအစည်းအဝေးကို တက်ရောက်လာကြသူများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသတစ်ခု၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသည့်အခါ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးသည် အချက်တစ်ချက်အနေဖြင့် ပါဝင်နေခြင်းကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင် စာမေးပွဲတွင် အထောက်အကူ ဖြစ်စေရန်လိုအပ်ချက်များကို အတတ်နိုင်ဆုံးကူညီပေးသွားဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်းသည့် ၆၀ ဒသမ ၇၇ ရာခိုင်နှုန်းရှိပြီး (၆)ဘာသာဂုဏ်ထူးရှင် (၂၂)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၅၂)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၇၅)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၁၀၆) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁၈၆)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၈၆၂)ဦး၊ ပေါ်ထွန်းခဲ့၍ ဂုဏ်ယူခဲ့ရကြောင်း၊ ၂၀၂၃ ခုနှစ်အောင်ချက်ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်မည်ဆိုလျင် ၂၀၂၄ ခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်းနှင့် ဂုဏ်ထူးရရှိသူဦးရေပါ တိုးတက်လာသည်ကို တွေ့ခဲ့ရသည့်အတွက် အခက်အခဲမျိုးစုံကြားက ကြိုးစားခဲ့ကြသော ရခိုင်ပြည်နယ်ပညာရေးမိသားစုကို အထူးပင်ကျေးဇူးတင်ကြောင်း၊ ထို့ကြောင့်လည်း  ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားပေးခဲ့ကြသော ဆရာ၊ ဆရာမများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့ကြောင်း၊ လာမည့်တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း ယခင်နှစ်များထက် အရေ အတွက်ရော အရေအသွေးပါ တိုးတက်မြင့်မားသော ထူးချွန်လူငယ်များမွေးထုတ်ပေးနိုင်ရန် ယခုကတည်းက လိုအပ်သည့်လုပ်ငန်း စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော်ကြရန် အခြေခံကျသည့် အထက်တန်းကျောင်းအုပ်ကြီးများ၊ မြို့နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများနှင့် ပြည်နယ်ပညာ၊ အဆင့်မြင့်ပညာမှ တာဝန်ရှိသူများ အားလုံးကိုမှာကြားလိုကြောင်း၊ ပညာရေးသည် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီ၏ ဘဝရည်မှန်း ချက်များ အကောင် အထည်ဖော်နိုင်ရန် အရည်အချင်းဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုနိုင်သည့်လိုအပ်ချက်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် မိမိတို့ကျောင်းအလိုက် လိုအပ်ချက်များ၊ အခက်အခဲများနှင့် လုပ်ဆောင်သင့်သည့်အချက်များကို ဆွေးနွေးပေး ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသက်ထွန်းနှင့် ပြည်နယ်ပညာရေးမှူးတို့က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက် မည့်အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောက်ဖြူခရိုင်နှင့် မာန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး စစ်တွေတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ခင်သက်ကျော်က တက္ကသိုလ်ဝင်စာမေးပွဲနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အထက်တန်းကျောင်းများအတွက် သင်ထောက်ကူပစ္စည်းများဝယ်ယူရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ချီးမြှင့်ငွေများကိုပေးအပ်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်နိုင်ရန် အထက်တန်းကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများနှင့် စစ်တွေတက္ကသိုလ်တို့အား ချီးမြှင့်ငွေများကိုပေးအပ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)