နေပြည်တော် ဇန်နဝါရီ ၂၃
ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ စာအုပ်၊ စာပေများ ဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာပြီး ဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာ မောင်လေပြေ(တောင်တွင်း)၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဒက္ခိဏသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာ မောင်လေပြေ(တောင်တွင်း)က “အနာဂတ်လှဖို့ စာဖတ်ကြစို့” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမူက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ/ရသစုံလင်သော စာအုပ်၊ စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေး နံရံကပ်ပြဘုတ်များအား စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အောင်သူရဦး (ပြန်/ဆက်)