မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံပညာအထက်တန်းဆင့် သင်ကြားသင်ယူမှု ထိရောက်ရေးအတွက် (Grade-12) ဘာသာရပ်ဆိုင်ရာ (ပြည်နယ်အဆင့်) စွမ်းရည်မြှင့် ဆွေးနွေးပွဲ/သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၂၃

မွန်ပြည်နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့် သင်ကြားသင်ယူမှု ထိရောက်ရေးအတွက် (Grade-12) ဘာသာရပ်ဆိုင်ရာ (ပြည်နယ်အဆင့်) စွမ်းရည်မြှင့် ဆွေးနွေးပွဲ/သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်၊ ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် သင်ကြား၊ သင်ယူမှုလုပ်ငန်းများ ဆောင်ရွက်နေသော ဆရာ၊ ဆရာမများအရည်အသွေး မြင့်မားစေရေးအတွက် သင်ထောက်ကူ လက်တွေ့အသုံးချသင်ကြားနိုင်စေရန်ရည်ရွယ်ပြီး ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား ဆရာ၊ ဆရာမများအနေဖြင့် အခြေခံပညာအထက်တန်းဆင့် သင်ကြားသင်ယူမှု ထိရောက်ရေးအတွက် သင်တန်းမှ ပို့ချဆွေးနွေးမှုများကို အလေးထားနာယူမှတ်သားပြီး လက်ဆင့်ကမ်းပြန်လည်သင်ကြားနိုင်ရေးနှင့် သင်ကြား၊ သင်ယူမှုအရည်အသွေး ပိုမိုတိုးတက်စေရေး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ပညာရေးမှူးမှ သင်တန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာအထက်တန်းဆင့် သင်ကြားသင်ယူမှု ထိရောက်ရေးအတွက် (Grade-12) ဘာသာရပ်ဆိုင်ရာ (ပြည်နယ်အဆင့်) စွမ်းရည်မြှင့် ဆွေးနွေးပွဲ/သင်တန်းအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

မွန်ပြည်နယ်၊ အားကစားနှင့်ကာယ ပညာသိပ္ပံ (မော်လမြိုင်) မှ သင်တန်းသား သင်တန်းသူများအား မိသားစုသဖွယ် ချစ်ခင်လေးစားဂုဏ်ပြုသောအားဖြင့် အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) ၏ အထူးနေ့လယ်စာစားပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက မော်လမြိုင်မြို့၊ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးတို့အတွက် မျှော်မှန်းချက်၊ ရည်မှန်းချက်များထားရှိပြီး အကောင်အထည်ဖော် အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သင်တန်းသူ၊ သင်တန်းသား လူငယ်မောင်မယ်များအနေဖြင့် ထူးချွန်ထက်မြက်တဲ့ အားကစားသမားကောင်းတွေ ဖြစ်လာစေရေး၊ ပညာရေးတွင်လည်း ထူးချွန်ထက်မြက် သူများဖြစ်လာစေရေး အစွမ်းကုန်ကြိုးစားကြ‌ စေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းသားများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက စားသောက်ကုန်များအား လည်းကောင်း၊ ကျောင်းအကျိုးတော်ဆောင်များမှ သင်တန်းကျောင်းရန်ပုံငွေများအားလည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူ၊ သင်တန်းသားများနှင့် နေ့လယ်စာအား ချစ်ကြည်ရင်းနှီးစွာ အတူတကွ သုံးဆောင်ခဲ့ပြီး သင်တန်းသူ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကာ သင်တန်းအထောက်အကူပြု အားကစားပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)