အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူကုန်ကူးမှု တားဆီးရေးနှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး ကျောက်ဆည်မြို့၊ အမှတ် (၉၂) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး၊ မန္တလေးတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့၊ မန္တလေးတိုင်းဒေသကြီး၊ အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စုတို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတားဆီးရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုးမိုးက သိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ကျောက်ဆည်မြို့နယ် အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးထိန်လင်းအောင်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းများဖြစ်သည့် ယာဉ်မောင်းသူများ၊ ယာဉ်ပေါ်လိုက်ပါလာသူများ၊ မော်တော်ဆိုင်ကယ်စီးနှင်းသူများ၊ လမ်းဖြစ်ကူးသူများ လိုက်နာရမည့် စည်းကမ်းများနှင့် ပစ်မှု၊ ပစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ လူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့မှ ရဲအုပ်ဌေးကိုက လူကုန်ကူးမှုဖြစ်စဉ်များ၊ ဥပဒေများ၊ ပစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်စောနိုင်ထွေးက မူးယစ်ဆေးဝါးအမျိုးအစားများ၊ စိတ်ကြွစေသော မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ပစ်မှု၊ ပစ်ဒဏ်များအကြောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ရာ ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲအပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတားဆီးရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်စိုးက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းနှင့် စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)