ပုသိမ်ကြီး ဇန်နဝါရီ ၂၃
နဝမအကြိမ်မြောက် စိုက်ပျိုးရေး ဒီပလိုမာနှင့် ပထမအကြိမ် မွေးမြူရေး ဒီပလိုမာ အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ပုသိမ်ကြီး)၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ဒီပလိုမာလက်မှတ် အပ်နှင်းခံရသည့် ကျောင်းသား/ ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးမှ ပြောင်းလဲနေသည့် သတင်းနှင့်ဆက်သွယ်ရေး နည်းပညာရပ်များ၊ အီလက်ထရောနစ် နည်းပညာရပ်များ၊ ကွန်ပျူတာနည်းပညာ၊ ဇီဝနည်းပညာရပ်များအား လူ့ဘောင်အဖွဲ့အစည်း၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသောလူမှုရေး ကဏ္ဍအသီးသီးတွင် အချိန်နှင့်အမျှ အကျိုးသက်ရောက်မှုများ၊ ပြောင်းလဲမှုများ ဖြစ်ပေါ်စေလျက်ရှိနေကာ အားလုံး သတိပြုမိကြမှာ ဖြစ်ကြောင်း၊ လူငယ်ထုအတွင်း အသိဉာဏ်အမြော်အမြင်နှင့် စိတ်ဓါတ် ရေးရာရင့်ကျက်မှု မြင့်မားလာစေရန်၊ တိုင်းချစ်ပြည်ချစ်စိတ်၊ ရိုးသားဖြောင့်မတ် စိတ်၊ စည်းကမ်းကိုရိုသေ လိုက်နာစိတ် ကိုယ့်အားကိုယ်ကိုး လိုစိတ်၊ ပူးပေါင်းဆောင်ရွက်လိုစိတ်၊ မိမိနှင့်ပတ်ဝန်းကျင်အတွက် မိမိတို့တစ်ဦးချင်းစီတွင် တာဝန်ရှိတာကိုသိပြီး၊ တာဝန်ယူဆောင်ရွက် တတ်သောစိတ် စသည့် စိတ်ဓါတ်မျိုးများ ထက်သန်လာအောင် ဆောင်ရွက်ကြရမှာဖြစ်ပြီး၊ ဆောင်ရွက်သည့် လုပ်ငန်းတိုင်းတွင် မောင်မယ်တို့ တစ်တွေလည်း သဘောပေါက် နားလည်စွာ နှင့် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ အမိကျောင်းတော်၏ ဂုဏ်သိက္ခာနှင့် အစဥ်အလာကောင်းများကို အစဥ်အမြဲမြှင့်တင်ပေးပြီး၊ နိုင်ငံနှင့်လူမျိုး ချမ်းသာကြွယ်ဝပြီး၊ နိုင်ငံသားပြည်သူများ စိတ္တသုခ၊ ကာယသုခ၊ လူမှုရေးသုခပြည့်ဝစေနိုင်ရန် ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်မှု အောင်မြင်ရေးအတွက်အစွမ်းကုန် ပူးပေါင်းပါဝင်ကြရန်နှင့် နိုင်ငံတော်မှ ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကိုလည်း ကျေပွန်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် သင်တန်းထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်ပြီး၊ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။ ထို့နောက် အခမ်းအနား ဒုတိယပိုင်းတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး)ကျောင်းအုပ်ကြီး ဒေါ်ယဥ်လှနှင့် တာဝန်ရှိသူများက ဒီပလိုမာ အောင်လက်မှတ်များ ဆက်လက်ပေးအပ်ခဲ့သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး၊ ရွှေဘို၊ လုံပီး) တို့မှ စုစုပေါင်း ဒီပလိုမာ အောင်လက်မှတ် ရရှိသူ (၁၃၁)ဦးအား ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်