ဒဂုံမြောက် ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ လုပ်သားကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံမော်တာစက်ချုပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် “အလုပ်သမားဝန်ကြီးဌာနအနေနှင့် စွမ်းဆောင်ရည်ထက်မြက်စေသည့် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ်ပေါ်ထွန်းစေရေး၊ အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်းဖြင့် မြန်မာ့လုပ်သားထု၏ လူမှုစီးပွားဘဝကို ဖွံဖြိုးတိုးတက်စေရေးမူဝါဒများချမှတ်၍ မြန်မာနိုင်ငံ လုပ်သားကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ကို ဖွဲ့စည်းအကောင်အထည်ဖော်လျက်ရှိကြောင်း၊ ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရန် ဝန်ကြီးဌာနအနေဖြင့် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းများ တည်ထောင်ထားကြောင်း၊ သင်တန်းကျောင်းများတွင် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း၊ လေအေးပေးစက်တပ်ဆင်ပြုပြင်ခြင်း ဂဟေဆက်၊ မော်တော်ယာဉ်ပြုပြင်ခြင်း၊ စားသောက်ဆိုင်ဝန်ဆောင်မှု၊ ဆိုလာတပ်ဆင်ခြင်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းနှင့် အထည်ချုပ်သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် သင်တန်းများကိုလည်း ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (မြောက်ဒဂုံ) တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အခြေခံမော်တာစက်ချုပ်သင်တန်းကို သင်တန်းသား ၆၇ ဦးဖြင့် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ NSSA ရဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းစဉ်တွင် အထည်ချုပ်လုပ်သား အလုပ်အကိုင်အဆင့် (၁) ကို ဝင်ရောက်ဖြေဆိုနိုင်ပြီး နိုင်ငံတော်အသိအမှတ်ပြု လက်မှတ်ရရှိနိုင်မှာဖြစ်တဲ့အတွက် ကြိုးစားသင်ယူကြရန်”တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ သင်တန်းနည်းပြဆရာ (၂) ဦး၊ ပြင်ပမှ သင်တန်းနည်းပြ ဆရာ (၁) ဦးတို့မှ သင်တန်းသား (၄၀) ဦးအား ဇန်နဝါရီ ၂၂ ရက်နေ့မှ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ထိ (၃) ပတ်ကြာ ဖွင့်လှစ်ဆွေးနွေး ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ရီ