မုဒုံ ဇန်နဝါရီ ၂၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြိုင်ကုန်းကျေးရွာရှိ ကမ္ဘာ့အကြီးဆုံး အတောင် ၄၀၀ ပြည့် လျောင်းတော်မူဘုရားကြီး တည်ဝင်းစိန်တောရကျောင်း ကျေးဇူးတော်ရှင် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကေသရ ဆရာတော်ကြီး၏ သက်တော် (၁၀၄) နှစ်မြောက် မွေးနေ့ပူဇော်ပွဲကို ယနေ့နံနက် ၇ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဦးစွာ ကျောင်းဝင်းအတွင်း ရှင်ဥပဂုတ္တရုပ်ထုတော်အနီး၌ စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်း တည်ထားကိုးကွယ်မည့် မွေးနေ့စေတီတော်(၂)ဆူ ထီးတော်တင်ခြင်း၊ ကျေးဇူတော်ရှင် ဝင်းစိန်ဆရာတော်ကြီးနှင့်တကွ သာသနာပြုဖော် ပုဂ္ဂိုလ်(၃၄)ပါး၊ (၁၀)တောင် (၁၂)တောင် ဘိုးဘိုးတို့အား ပုဂ္ဂိုလ်ဆွမ်း ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဘုမ္မိရာဇာဓမ္မာရုံတွင် ဆရာတော်အရှင်သောဟုလာထံမှ အလှူရှင်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က သီလတော်မြတ်ခံယူဆောက်တည်ကြပြီး မွေးနေ့အလှူကုသိုလ် အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေသည်။
ယင်းနောက် နိဗ္ဗာန်စံကျောင်းတော်တွင် ဝင်းစိန်ဆရာတော်ကြီး၏ ရုပ်ခန္ဓာကိုသင်္ကန်းတော်မြတ်လဲ၍ ပင့်ကျောင်းဆရာတော်ကြီး (၁၂၀)ပါးအား နေ့ဆွမ်း၊ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို တာဝန်ရှိသူများ၊ အလှူရှင်များက ဆက်ကပ်ပြီး ရပ်ဝေးရပ်နီး ဒေသခံပြည်သူများအား စတုဒိသာမဏ္ဍပ်(၄၀)ဖြင့် ထမင်းဟင်း၊ မုန့်ဟင်းခါး၊ ကြာဇံချက်၊ ရေခဲမုန့်၊ အအေး စသည့်စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)