လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း) ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် မြို့နယ်ခန်းမ၌ကျင်းပရာ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ထက်၊ လယ်၊ မူ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို အ.ထ.က (၂) ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းက အမှာစကားပြောကြားခြင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်မှ ထက်၊ လယ်၊ မူကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက သီဆိုကပြခြင်းများဖြင့် ဖြေဖျော်ပေးခဲ့ကြသည်။

ယင်းနောက် ထူးချွန်ရရှိသည့် ကျောင်းသား၊ ကျောင်းသားများအား ဆုများ၊ ဒိုင်းဆုများနှင့် ဂုဏ်ပြုဆုတံဆိပ်များအသီးသီးချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

ကျော်သန်း ​(ပြန်/ဆက်)