နေပြည်တော် ဇန်နဝါရီ ၂၃
နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅)ကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အများပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရေးနှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေးအတွက် စာကြည့်တိုက်များ ဖွင့်လှစ်ပေးရန်၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ထိရောက်စွာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပပေးခြင်းနှင့် စာအုပ်ဈေးရောင်း ပွဲတော်များ ကျင်းပပေးခြင်းဖြင့်ကျောင်းသား၊ ကျောင်းသူလူငယ်များ စာပေဖတ်ရှုလေ့လာမှု ပိုမိုအားကောင်းလာစေမည်ဖြစ်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာသည့် အလေ့အကျင့်ကောင်းများ ရရှိစေလာမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်းရှိ စာကြည့်တိုက်များအားလုံး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းကာ ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်မားလာစေရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီအတွင်းရေးမှူး ဒေါ်သင်းသင်းဇင်နှင့် ကော်မတီဝင်များက နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စာကြည့်တိုက်အသစ်များ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ပြန်ကြားရေး၊ အထွေထွေအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ စာပေဝါသနာရှင်များနှင့် အလှူရှင်များက ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စာကြည့်တိုက် စုစုပေါင်း (၅၈)တိုက် ဆောက်လုပ်ရန် လျာထားလျက်ရှိရာ စာကြည့်တိုက်(၂၄) တိုက်ဆောက်လုပ်ပြီးစီးခဲ့ပြီး (၂၃)တိုက် ဆောက်လုပ်ဆဲဖြစ်ရာ ဆောက်လုပ်ရန်ကျန်ရှိသည့် အဆိုပါစာကြည့်တိုက်များကို ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်နိုင်ရန်စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်သူရဦး (ပြန်/ဆက်)