ထန်းတပင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် သမဝါယမ အသင်းသားတောင်သူများနှင့် စာချုပ်ချုပ်ဆို

ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၂၃

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့်သမဝါယမအသင်းသား တောင်သူများနှင့် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကို၊ ရွှေဥက္ကံသမဝါယမအသင်းလီမီတက်မှ ဒေါ်မေဇင်ဦးတို့က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဇော်က ဦးစီးဌာနအနေဖြင့် ဦးစီးဌာနအဆင့်ဆင့်၏ ညွှန်ကြားချက်နှင့်အညီ သမဝါယမအသင်းသား တောင်သူများနှင့် ရွှေဥက္ကံသမဝါယမအသင်းလီမီတက်တို့ပူးပေါင်းကာ နွေစပါးစီမံချက်အား အောင်မြင်အောင် အပြည့်အဝ ဆောင်ရွက်နိုင်ရေးကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် သမဝါယမအသင်းသား တောင်သူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်၍ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဇော်နှင့်တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ဧက (၁၃၂၆) ဧကစိုက်ပျိုးကြမည့် သမဝါယမအသင်းသားတောင်သူ (၁၆၇) ဦးတို့နှင့် စာချုပ်ချုပ်ဆိုခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)