ကျောက်ပန်းတောင်းမြို့နယ်ရှိ ဘူမိနယ်မြေ (၅) တောင်နီတောင်ချယ်ဆီဒိုနီနှင့် မြေစေးတွင်းထွက်များကို လေ့လာနိုင်

ညောင်ဦး ဇန်နဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက်ရှိ ပုပ္ပားတောင်သည် နှစ်သန်းပေါင်းများစွာက မီးတောင်ရှင်တစ်လုံးဖြစ်ခဲ့ပြီး မီးတောင်ပေါက်ကွဲစဉ် မီးတောင်ပြာများ၊ ချော်တုန်းချော်ခဲများ နှစ်ကာလကြာမြင့်လာချိန် အသွင်ပြောင်းလာရာမှ တန်ဖိုးမဖြတ်နိုင်သည့် ကျောက်ဆိုင်ကျောက်သားများ ဖြစ်လာကာ ပုပ္ပားတောင်မကြီးရှိ ကျောက်ဆိုင်ကျောက်သားများ ထက်နှစ်သက်တမ်းပိုစောသည့် ဘူမိနယ်မြေ (၅) အဖြစ် သတ်မှတ်ထားသော ကိုင်းကျေးရွာနှင့်မြိုင် သာယာကျေးရွာကြား ကျောက်ပန်းတောင်း - မိတ္ထီလာကားလမ်းမကြီးဘေးရှိ တောင်နီတောင်မှာရှိသည့် တောင်နီတောင်ချယ်ဆီဒိုနီနှင့် မြေစေးတွင်းထွက်များကို စိတ်ပါဝင်စားသူ မည်သူမဆို လေ့လာနိုင်ကြောင်း သိရသည်။

တောင်နီတောင်၏ အပေါ်ယံအလွှာကို ချယ်ဆီဒို (Chalcedony) အမျိုးအစား ဆီလီကာများ မြေစေးတွင်းထွက်များဖြစ်သည့် ကေအိုလင်နိုင်(Kaolinite)နှင့် အလူနိုက် (Alunite) တို့ဖြင့် ဖုံးအုပ်ထားသည်ကို လေ့လာတွေ့ရှိနိုင်မည်ဖြစ်ပြီး၊ ဘူမိသက်တမ်းအားဖြင့် တောင်နီတောင်တွင် တွေ့ရှိရသည့် မီးသင့်ကျောက်များသည် ပုပ္ပားတောင်မကြီးရှိ မီးသင့် ကျောက်များထက် သက်တမ်းပိုရင့်ကြသည်ကို လေ့လာတွေ့ရှိနိုင်သည်။ တောင်နီတောင်တွင် ဆီလီကာ ကြွယ်ဝသည့် ချော်မှုန့်ကျောက်များနှင့် ဆီလီကာမကြွယ်ဝသည့် ချော်မှုန့် ကျောက်များအပြင် ရိုင်အိုလိုက်ကျောက်များကိုလည်း တွေ့ရှိရကာ တောင်နီတောင်ရှိ မြေနမူနာနှင့် ကျောက်နမူနာများကို ဓာတ်ခွဲစမ်းသပ်မှုအရ ရွှေနှင့်ကြေးနီသတ္တု အနည်းငယ်ပါဝင်ကြောင်းလည်း သိရှိရကာ တက္ကသိုလ်ကျောင်းသားများ၊ ဘူမိဗေဒတက္ကသိုလ်ကျောင်းသားများနှင့် စိတ်ပါဝင်စားသူများ လာရောက်လေ့လာနိုင်ကြောင်း ပုပ္ပားတောင်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်အုန်းကျော်ထံက သိရသည်။

ဒီပါလင်း