ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဇန်နဝါရီ ၂၃

စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေဇင်ကိုကိုက‌ ကျောင်းသား/ကျောင်းသူများအနေဖြင့်‌ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရေး၊ စာအုပ်စာ‌စောင်များ လေ့လာဖတ်ခြင်းကြောင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊ စာဖတ်ဝိုင်းကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ Book Club  အဖွဲ့ဝင် ဦးမြလင်းက စာရေးဆရာနတ်သျှင်၊ ရွှေဂူရေးသားသည့် “လူငယ်များ၏ရွှေရောင်မနက်ဖြန်” စာအုပ်ထဲမှ “ဥယျာဉ်မှူးနှင့်ပန်းပင်ငယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်သီဟနိုင်က “လူငယ်များ၏ရွှေရောင်မနက်ဖြန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသီရိမေက “ပြည့်ဝသောအမွေကို ပေးကြပါ” ခေါင်းစဉ်တို့ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြသည်။

ထို့နောက် Book Club အဖွဲ့ဝင် ဦးမြလင်း ဦးဆောင်ဆွေးနွေးရာ ယနေ့လူငယ် နောင်ဝယ်လူကြီး ယနေ့လူငယ်အပေါင်းတို့သည် နောင်တစ်ချိန်တွင် လူကြီးများအဖြစ်ကို ရောက်ရှိလာမည်ဖြစ်ကြောင်း၊ လူငယ်အဖြစ်မှ လူကြီးအဖြစ်ကို ရွေ့ပြောင်းလာခြင်းသည် ထူးဆန်းသည်လည်း မဟုတ်သလို အထွေအထူးလည်းစာဖွဲ့ဆိုရန်မလိုကြောင်း၊ လူငယ်များသည်တစ်နေ့သောအခါ လူကြီးများဖြစ်လာပြီးလျှင် နိုင်ငံတာဝန်များကို ထမ်းဆောင်ကြရမည့် နိုင်ငံ့ခေါင်းဆောင်များလည်း ဖြစ်လာမည်ဖြစ်ကြောင်း၊ သည်နိုင်ငံ၊ သည်လူမျိုး၊ သည်နိုင်ငံ၏ ဘာသာရေး တရားယဉ်ကျေးမှု စာပေဂီတအမွေအနှစ်တို့ကို လက်ဆင့်ကမ်း အမွေခံယူကြရမည့်ဖြစ်သည့်အတွက် လူငယ်တို့၏ အခန်းကဏ္ဍသည် အလွန်အရေးပါလှကြောင်း၊ လူငယ်များသည် နှလုံးသားကိုနုနယ်စေသော (ခံစားတတ်သော) ရသ စာပေအတွေးအခေါ်ကိုကြီး မြတ်စေသော သုတစာပေတို့ကို လေ့လာဖတ်ရှုထားရမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ဘိုးဘွားအစဉ် အဆက်ဖြတ်သန်းခဲ့ကြသော မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းတို့ကို မှတ်သားဆည်းပူးထားပြီး မျက်စိကိုဖွင့်နားကိုစွင့်လျက်လောက သဘာဝပတ်ဝန်းကျင်ကို အမြဲမပျက်ကြည့်ရှုကာ မကောင်းသော အရာများကိုပယ်၍ ကောင်းသောအရာများကို မိမိတို့ဘဝထဲရောက် အောင်ကျင့်သုံးရန်၊ သို့မှသာတိုးတက်ကောင်းမွန်သော လူငယ်တို့မှသည် ကြီးကျယ်မြင့်မြတ်သော အနာဂတ်ကိုဖန်တီး တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် လူငယ်များညံ့ဖျင်းနေ၍မဖြစ်ပေ၊ လူငယ်များတော်ဖို့ကောင်းဖို့ လိုအပ်ကြောင်း၊ လူငယ်များတော်ထားမှသာ လူကြီးအဖြစ်ရောက်သောအခါ တော်မည်ဖြစ်သကဲ့သို့ လူငယ်များကောင်းထားနိုင်မှ လူကြီးအဖြစ်ရောက်သောအခါ ကောင်းကြမည်ဖြစ်ကြောင်း၊ လူငယ်များရွှေဖြစ်နေခြင်းသည် အနာဂတ်နိုင်ငံတော်၏ ရွှေရောင်တောက်မည့် နိမိတ်လည်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)