ဒဂုံအရှေ့ ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ သစ်တောဦးစီးဌာနက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီခွဲအချိန်က သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပသည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိခိုင်ဇင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒဂုံမြို့သစ်ခရိုင်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးပိုင်ဇော်က သစ်တောထွက်သယံဇာတပစ္စည်းများအား ထိန်းသိမ်းရန်၊ သစ်တော၊ သစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းစောင့်ရှောက်ရေး၊ တောင်ယာခုတ်ထွင်မီးရှို့မှုများ မပြုလုပ်ရေးအကြောင်းအရာများ၊ ရေသယံဇာတထိန်းသိမ်းရေး အကြောင်းအရာများ၊ ရေချွေတာသုံးစွဲရေး၊ မီးခိုးမြူငွေ့ဖြစ်ပေါ်လာပုံ၊ လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေသော အကြောင်းအရာများ၊ ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ရန်နည်းလမ်းများအကြောင်း ဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၂၀၀)ဦးနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည့်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ(ပြန်/ဆက်)