ကျောက်ဆည် ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အရေးစွမ်းရည်မြင့်မားပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက် (၁၀)နာရီက အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျောင်းသား၊ ကျောင်းသူလူငယ်များ တွေးခေါ်မှုစွမ်းရည်မြင့်မားရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ရေးသားမှုစွမ်းရည်မြင့်မားရေး၊ ကောင်းမွန်ပြည့်စုံသည့် စာစီစာကုံးတစ်ပုဒ်ရရှိရန် စာများများဖတ်ပြီး လေ့ကျင့်မှုများပြုလုပ်ထားရန်လိုကြောင်း၊ နိဒါန်း၊ စာကိုယ်၊ နိဂုံး စသည့် စာစီစာကုံးအင်္ဂါရပ်များနှင့်အညီ အချက်အလက်ရေးသားတင်ပြပုံကောင်းမွန်ရန်လိုကြောင်း၊ နိဂုံးသည် ခေါင်းစဉ်နှင့်လျော်ညီသည့် နိဂုံးဖြစ်ရန်လိုကြောင်းနှင့် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးမန်းခင်(ကျောက်ဆည်)က စာစီစာကုံးရေးသားရာတွင် သရုပ်ဖော်ရေးသားခြင်းခြင်း၊ အကြောင်းအကျိုးဖော်ပြရေးသားခြင်း၊ အတွေးအခေါ်ဖြင့် ရေးသားဖော်ပြခြင်းစသည့် စာစီစာကုံးရေးသားနည်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာစီစာကုံးရေးသားနည်းများ သင်ကြားပေးခဲ့ကြေင်း သိရသည်။
စာစီစာကုံးရေးသားနည်းသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ (၂၆)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇန်နဝါရီလ (၂၃)ရက်နေ့မှ (၂၄)ရက်နေ့အထိ (၂)ရက်ကြာ စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံစာစီစာကုံးရေးသားနည်းများအပြင် စာဖတ်ဝိုင်းများ၊ ပုံပြင်ပြောပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)