ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ အဆောက်အဦများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်းဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးအဆောက်အဦများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက  ယမန်နေ့နံနက်ပိုင်းမှစ၍  ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင်တို့ ဦးဆောင်၍  ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်းရှိ မြို့နယ်ဌာနဆိုင်ရာ ရုံးအဆောက်အဦများတွင် မီးလောင်၊ မီးလန့်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့အတွက် လျှပ်စစ်မီး သွယ်တန်းသုံးစွဲနေမှုအခြေအနေများ၊ မီးငြှိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများထားရှိ ဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး၊ မီးစနစ်တကျ ဂရုပြုသုံးစွဲရေး၊  အမှိုက်နှင့် လောင်စာများအား စနစ်တကျစွန့်ပစ်ရေး၊ ညအိပ်ချိန် ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေများအား စနစ်တကျ သေချာစွာ ဂရုပြုငြှိမ်းသတ်ရေး၊ သဲအိတ်၊ ရေအိတ်များ၊ မီးချိတ်၊ မီးကပ်များ စနစ်တကျထားရှိရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားရေးတို့ကို သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများအား ဆွေးနွေးပြောကြားပေးလျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် (၉) ရပ်ကွက်ရှိရာ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရပ်ကွက်များတွင်လည်း ယခုကဲ့သို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး အသိပညာပေးခြင်းနှင့် အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းကိုလည်း  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)