မြန်မာ-တရုတ် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်မှု ၇၅ နှစ်ပြည့်အား ဂုဏ်ပြသည့်အနေဖြင့် မဟာမုနိဘုရားကြီးတွင် Solar လျှပ်စစ်မီးတပ်ဆင်လှူဒါန်းခြင်းအခမ်းအနား ကျင်းပ

ချမ်းအေးသာစံ ဇန်နဝါရီ ၂၃

မြန်မာ-တရုတ် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်မှု ၇၅ နှစ်ပြည့်အား ဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ လှူဒါန်း၍ မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းမှ ပူးပေါင်းဆောင်ရွက်သည့် မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် အမေရိကန်ဒေါ်လာ ၁၄၀၀၀ တန်ဖိုးရှိ 30kw Solar လျှပ်စစ်မီး တပ်ဆင် လှူဒါန်းခြင်းအခမ်းအနားကို ဇန်နဝါရီလ (၂၂) ရက်နေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ အဆိုပါ မဟာမုနိဘုရားကြီးတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Ms. Gao Ping၊ မြန်မာ-တရုတ်ပူးပေါင်း ဆက်ဆံရေးဗဟိုအသင်းမှ တာဝန်ရှိသူများ၊ ဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ မဟာမုနိဘုရားကြီးဝင်ပေါက်ရှိ တပ်လှူဒါန်းထားသော Solar လျှပ်စစ်ရုံရှေ့တွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကောင်စစ် ဝန်ချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ Solar လျှပ်စစ်တပ်ဆင်ထားသည့် အခန်းတွင်း ကြည့်ရှုပြီးနောက် ဘုရားရင်ပြင်တော်၊ စွယ်တော်တိုက်ရှေ့ရှိ ကမ္ဗည်းကျောက်စာအား နံ့သာရည်များ ပက်ဖျန်းပေးကြသည်။

၎င်းနောက် မိုးကောင်းဓမ္မာရုံတွင် အခမ်းအနားကို ဆက်လက်ကျင်းပရာ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ် Ms. Gao Ping က မြန်မာ-တရုတ်နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်မှု ၇၅ နှစ် ပြည့်အား ဂုဏ်ပြုသောအားဖြင့် Solar လျှပ်စစ်မီး တပ်ဆင်လှူဒါန်းရခြင်း ရည်ရွယ်ချက်များ၊ တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး နှစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များအား ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှုများ၊ လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကားများကို ပြောကြားပြီးနောက်  မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းမှ တာဝန်ရှိသူက အသင်း၏ဆောင်ရွက်ချက်များကိုလည်းကောင်း၊ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌက ကျေးဇူးတင်စကားကိုလည်း ကောင်း ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တရုတ်ကောင်စစ်ဝန်ချုပ်နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းမှ တာဝန်ရှိသူအား ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်း မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြော်ခဲ့ပြီး ဘုရားကြီးအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်