ချမ်းအေးသာစံ ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ဇမ်နဝါရီလ (၂၂) ရက်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝက်ဝံကျေးရွာအုပ်စု၊ ကျွန်းတပင်ကျေးရွာရှိ တောင်သူ ဦးဝင်းဗိုလ်၏ မျိုးကွဲ ရေဆင်း ၉ ဂျုံစံပြကွက်သို့ ရောက်ရှိပြီး စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ ဆောင်းဂျုံသီးနှံစိုက်ပျိုး ထုတ်လုပ်မှု၊ တစ်ဧကကုန်ကျစရိတ်နှင့် သီးနှံတင်းထွက်မှုရှိ အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အထွက်နှုန်းကောင်းပြီးဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို ပိုမိုတိုးတက်အောင် စိုက်ပျိုးသွားနိုင်ရေး၊ ဂျုံသီးနှံအထွက်နှုန်းတိုးတက်ရေး၊ တောင်သူများအား လိုအပ်သည့် နည်းပညာများ ကူညီပံ့ပိုးပေးသွားရေးတို့ကို ပြောကြားပြီး တောင်သူများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ စိုက်ခင်းအားကြည့်ရှုခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိုင်ကြီးကျေးရွာ ရွှေကောင်းကင် ဥစားကြက် မွေးမြူရေးခြံသို့ ရောက်ရှိပြီး ခြံတာဝန်ခံက Open Type စနစ်ဖြင့် မွေးမြူထားမှု၊ လက်ရှိ ၈ ခြံဖြင့် ကြက်အကောင်ရေတစ်သိန်း မွေးမြူထားမှု၊ ကြက်စာအား ပြည်ပမှကုန်ကြမ်းနှင့် ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိ သည့် ပြောင်းကုန်ကြမ်းတို့ ရောစပ်ထုတ်လုပ်မှု၊ တစ်ရက် ဥအရေအတွက် ၈၅၀၀၀ ဥ ထွက်ရှိမှု၊ တစ်လုံးလျှင် ၃၄၀ ကျပ် နှုန်းဖြင့် စားသုံးသူများအတွက် ဈေးကွက်အတွင်း တိုက်ရိုက် ဖြန့်ချိရောင်းချပေးနေမှုတို့နှင့် ကြုံတွေ့နေရသည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ခြံအတွင်း ကြည့်ရှုခဲ့သည်။
ဆက်လက်၍ သက္ကံချိုင်းကျေးရွာရှိ တောင်သူဦးသန်းဝင်း၏ ဆောင်းကြက်သွန်နီ စံပြကွက်စိုက်ခင်းသို့ ရောက်ရှိပြီးတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများနှင့်တောင်သူများ၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စိုက်ခင်းများအား ကြည့်ရှုခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအား ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရေး၊ ပြင်ဦးလွင်မြို့နယ် စိမ်းလန်းစိုပြည်ရေး Green Zone Area များဖော်ဆောင်၍ အိမ်ခြံဝန်းနှင့် လမ်းများတွင် သစ်ပင်စိုက်ပျိုးနိုင်ရေးလုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်ဆိုင်နိုင်ရေးဌာနများ အချင်းချင်း ပူးပေါင်း၍ အနီးကပ်ကြပ်မတ်ကာ ဆောင်ရွက်သွားရေးတို့ကို မှာကြားပြီးနောက် သက်ဆိုင်ရာဌာနများမှ လုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သမိုင်းဝင်မဟာရွှေမြင်တင် စေတီတော်မြတ်ကြီးသို့ ရောက်ရှိပြီး စေတီတော်မြတ်ကြီးအတွင်း အရပ်လေးမျက်နှာရှိ မြတ်စွာဘုရားလေးဆူအား ဖူးမြှော်ကြည်ညို၍ တာဝန်ရှိသူများအား လိုအပ်သည်များကိုမှာကြားပြီး ရှင်းလင်းတင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၂ အတွင်းရှိ သုမင်္ဂလာဈေး (ညံတောဈေး) အား ခေတ်မီအဆင့်မြှင့်အာစီရ် ၆ ထပ် ဈေးကြီးအဖြစ် တည်ဆောက်နေသည့်လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ဈေးကြီးအတွက် လျှပ်စစ်ဓာတ်အားခွဲရုံ တည်ဆောက်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စီစဉ်နေမှု၊ ဈေးကြီးမှ ထွက်ရှိမည့်စွန့်ပစ်ရေများအတွက် လမ်းဖြတ်ရေမြောင်း တည်ဆောက် သွားမည့်အခြေအနေများနှင့် ဈေးကြီးတည်ဆောက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေး-လားရှိုးလမ်း၊ ပြင်ဦးလွင်မြို့နယ်အတွင်း အများသုံးသန့်စင်ခန်း တည်ဆောက်သွားမည့် လျာထားမြေနေရာသို့လည်းကောင်း၊ ပြင်ဦးလွင်မြို့ အဝင်ပန်းခြံ အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားမြေနေရာသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်