မက်မန်း ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာသန်စွမ်းစေရန်အတွက် ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျောင်းကျန်းမာရေးရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မက်မန်းမြို့နယ်ပြည်သူ့ဆေးရုံမှ မြို့နယ်ဦးစီးမှူး ဒေါက်တာတိုးသူရအောင်နှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်စေရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန်မှန် သွားတိုက်ခြင်းနှင့် ကလေးငယ်များအဖြစ်များသည့် ရောဂါများအကြောင်း ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နှိမ်နှင်းရေး နည်းလမ်းများအကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းထက်ဆင့် KG မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများကို တစ်ဦးချင်းအလိုက် ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရပ်များတိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးကာ လိုအပ်သည့်ဆေးဝါများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ကျောင်းကျန်းမာရေး စစ်ဆေးပေးမှုအပေါ် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက လာရောက်ကြည့်ရှုခဲ့ကြပြီး (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်အတွင်း ကျောင်းတွင်းအာဟာရ ကျွေးမွေးရန်အတွက် NGO အဖွဲ့ဝင်များဖြင့် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
အေဇက်ထွန်း(ပြန်/ဆက်)