တာချီလိတ် ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၅-၂ဝ၂၆ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုးခြင်း၊ လေလံတင်ရောင်းချခြင်းနှင့် သားသတ်လုပ်ငန်းလိုင်စင်များ လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ၊ ကျိုင်းတုံမှ ဌာနခွဲတာဝန်ခံ ဦးစိုးနိုင်ဦးတို့က အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က လေလံဆွဲဝယ်ခြင်းဆိုင်ရာ လိုင်စင်စည်းကမ်များနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လေလံတင်ရောင်းချရေးအဖွဲ့ တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွက် BOT စနစ်ဖြင့် ဆောင်ရွက်သည့် မြို့ဝင်ဘီးကောက်လိုင်စင်များကို သတ်မှတ်ကြမ်းခင်းဈေးဖြင့် သက်တမ်းတိုးချထားပေးခြင်း၊ PPP လုပ်ငန်းများအား စာချုပ်ပါစည်းကမ်းချက်အရ သတ်မှတ်ကြမ်းခင်းဈေးဖြင့် ဆောင်ရွက်လိုပါက လိုင်စင်ချထားပေးခြင်း၊ ဆောင်ရွက်လိုမှုမရှိပါက ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခြင်း၊ အရပ်ရပ်အခွင့်အရေးလိုင်စင် ၂၂ ခုနှင့် သားသတ်လုပ်ငန်းလိုင်စင် ၂၁ ခုအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချရာ လေလံဆွဲသူများက လေလံစည်းမျဉ်းစည်းကမ်းနှင့်အညီ လေလံဆွဲခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)