ချမ်းမြသာစည်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ/ ပြိုင်ပွဲနှင့်များ ကျင်းပ

ချမ်းမြသာစည် ဇန်နဝါရီ ၂၃

မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု လျော့နည်းပပျောက်စေရန်နှင့် တားဆီးကာကွယ်ရန်၊ ဥပဒေအရ ထိရောက်စွာ ကာကွယ်ပေးနိုင်ရန်၊ သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိဖန်တီးပေးနိုင်စေရန် ရည်ရွယ်၍ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အမှတ် (၂၄) မူလတန်းလွန်ကျောင်းနှင့်ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်တာဝန် (၃) ရပ်၊ ကလေးအလုပ်သမား ခိုင်းစေမှု၏ နောက်ဆက် တွဲ အကျိုးဆက်များ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။  ဆက်လက်၍ ကျောင်းသား/ သူများကို စာကြည့်တိုက်ခန်းမ၌ အခြေခံပန်းချီရေးဆွဲခြင်း ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၂) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/ သူများအား မြို့နယ်ဦးစီးမှူးနှင့် ကြီးကြပ်ဆရာမများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး ကျောင်းသား/ သူများသည် ခန်းမအတွင်း ပြသထားသော ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ ရသစာအုပ်/ စာစောင်များကို စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် တက်ရောက်လာသော ကျောင်းသား/ သူများအား ကလေးအလုပ်သမားခိုင်းစေမှု လျော့နည်းပပျောက်ရေး အသိပညာပေးလက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အမှတ် (၂၄) မူလွန်ကျောင်းမှ ဆရာမများ၊ ကျောင်းသား/ သူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့