ပင်းတယမြို့၌ မှတ်ပုံတင်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ပင်းတယ ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ မှတ်ပုံတင်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြသူများအား ယမန်နေ့က ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒေသဦးစီးမှူး ဒေါ်အေးအေးသန့်နှင့် တာဝန်ရှိသူများက ပင်းတယမြို့ရှိ "မြကျောက်" လက်ဖက်ခြောက်လုပ်ငန်းနှင့် "ရှမ်းမ" ဈေးခြင်းလုပ်ငန်းနှင့် NiLar လူသုံးကုန်ထုတ်လုပ်မှုလုပ်ငန်းလုပ်ကိုင်နေကြသည့် တာဝန်ရှိသူများနှင့်တွေ့‌ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရပြီး ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျေးလက်နေပြည်သူများအား လူသုံးကုန်လုပ်ငန်းများကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ပြီး မိသားစုစီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်နှင့် မိသားစုဝင်ငွေတိုးစေရန် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူဖြစ်စေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)