ဆီဆိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြော

ဆီဆိုင် ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူတော်လူကောင်းများဖြစ်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ကြွယ်ဝစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ဘုရားဖြူကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဆီဆိုင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဇော်ထွန်းက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။ 

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဇော်ထွန်းက ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်း ပေးအပ်ခြင်းနှင့် အားကစား အသိပညာပေး လက်ကမ်းစာစောင်တို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)