ရွာငံမြို့နယ်၊ မြင်းတွင်း-တောင်မြင့်ကြီးကျေးရွာလမ်းအား မြေသားလမ်းမှ ကျောက်ချောလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

ရွာငံ ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းတွင်း-တောင်မြင့်ကြီးကျေးရွာလမ်းအား မြေသားလမ်းမှ ကျောက်ချောလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက ရွာငံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ခံ ဒေါ်အေမီခင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါကျေးရွာလမ်းအား ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ရန်ပုံငွေကျပ် (၁၅၆ ဒသမ ၇၁၇)သန်းဖြင့် လမ်းအရှည် (၆ ဒသမ ၈၁)မိုင်၊ အကျယ် (၁၆)ပေ၊ အမြင့် (၁၄)လက်မခန့်ကို (P4S)ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ (၈၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)