မိုးနဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 သင်ကြား၊ သင်ယူမှု၊ ထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲ ဖွင့်လှစ် သင်ကြား

မိုးနဲ ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေရန်နှင့် သင်ခန်းစာများကို ကျွမ်းကျင်စွာ သင်ကြားပေးနိုင်ရန်ရည်ရွယ်၍ မြို့နယ်ပညာရေးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁)မိုးနဲ ပုလဲ‌ဆောင်ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးလှနိုင်က အခြေခံပညာမူလတန်းအဆင့် Grade-5 သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ကျိုင်းတောင်းမြို့အပါအဝင် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများရှိ Grade-5 အတန်းမှ ဆရာ/ဆရာမ ၁၅၇ ဦး တက်ရောက်ကြပြီး နည်းပြဆရာ/ဆရာမများက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံဘာသာရပ်၊ လူမှုရေးဘာသာရပ်၊ ပြည်သူ့နီတိ၊ ကာယ၊ ပန်းချီ၊ စာရိတ္တစသည့် Grade-5 သင်ရိုးသစ် ဘာသာရပ်ဆိုင်ရာများကို ၄ ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)