သုံးခွ ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် ဂဝံလမ်းခင်းခြင်းလုပ်ငန်းအား ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ဦးစီးအရာရှိမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို Myanmar Golden Star Development led (MGSD) ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် လက်ပံ-နန်းခလဲ-စစ်ကိုင်းစုနှင့် သရောတောကျေးရွာ ဆက်သွယ်သည့်လမ်း လမ်းအကျယ် ၂၂ ပေရရှိအောင် ၀/၆မိုင်အတွင်း မြေကြီးလုပ်ငန်းဆောင်ရွက်မှုနှင့် (၀/ ၆မိုင် x ၁၈ပေx ၈လက်မ) ဂဝံလမ်းခင်းခြင်းလုပ်ငန်း ခွင့်ပြုငွေကျပ် (၁၇၈.၇၇၀)သန်းဖြင့် ဆောင်ရွက်နေသည့် ဂဝံလမ်းခင်းခြင်းလုပ်ငန်းအား ကျေးလက်လမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးမွန်နှင့် အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဆက်လက်၍ ဂဝံလမ်းခင်းခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီမှတာဝန်ရှိသူများကို ကျေးလက်လမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ် အေးအေးမွန်က ဂဝံလမ်းခင်းရာတွင် အရည်အသွေးစံချိန်စံညွှန်းပြည့်မီစေရေး၊ သတ်မှတ်ရက်ပြီးစီးရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အလေးထားလုပ်ဆောင်ရွက်ပေးကြရန်မှာ ကြားခဲ့ကြောင်းသိရသည်။ ကျေးရွာချင်းဆက်လမ်းဂဝံလမ်းခင်းခြင်း လုပ်ငန်းပြီးစီးသွားပါက သရောတောကျေးရွာရှိ အိမ်ခြေ (၃၇၆)စု၊ လူဦးရေ (၁၄၅၀)ဦးတို့အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ သွားလာလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂဝံလမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးမွန်၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးလွင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ရွှေစင်၊ စည်ပင်သာယာရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ (၂) ဒေါ်တင်ဇာမျိုးနိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)