ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၃

စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်သူအချင်းချင်း ဗဟုသုတအတွေးအမြင်များဖလှယ်နိုင်စေရန်နှင့် စာကောင်းပေမွန်များ ရွေးချယ်ဖတ်ရူခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စာရေးဆရာကြီး ရန်ကုန်ဘဆွေရေးသားသည့် “သေသော်မှတည့် ဪ ကောင်း၏” စာအုပ်ဖြင့် Never Stop Learning Campaign စာဖတ်ဝိုင်းကို ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုနယ်‌‌မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

စာဖတ်ဝိုင်းတွင် တက်ရောက်လာကြသူများက စာရေးဆရာကြီး ရန်ကုန်ဘဆွေ ရေးသားသည့် ‌ “သေသော်မှတည့် ဪ ကောင်း၏” စာအုပ်တွင်ပါဝင်သည့် မျိုးချစ်စိတ်ထက်သန်ဖွယ်ရာများ သမိုင်းအကြောင်းအရာများ၊ ဇာတ်ကောင်စရိုက်များ၊ စာအုပ်၏ သမိုင်းနောက်ခံအခြေအနေများ၊ သမိုင်းကြောင်းဖြစ်ရပ်မှန်ပေါ်မူတည်ပြီး ဇာတ်ကြောင်းပါဖြစ်ရပ်များကို ပေါ်လွင်အောင် စိတ်ဝင်စားဖွယ် ရေးသားထားပုံများ၊ ဇာတ်အိမ်ဖွဲ့ရာတွင် ဇာတ်ဆောင်တစ်ဦးချင်းစီ၏ စိတ်နေသဘောထား၊ စရိုက်လက္ခဏာ ပြုမူပြောဆိုပုံများကို ပေါ်လွင်စွာရေးသားထားပုံများကိုလည်းကောင်း ရှေးဗမာကြီးတို့၏ ခံနိုင်ရည်ရှိမှု၊ အဆင်းရဲခံနိုင်မှု၊ အားထုတ်နိုင်စွမ်းရှိမှု၊ ရဲဝံ့မှု၊ ဇွဲရှိမှု၊ နိုင်ငံနှင့်လူမျိုးအပေါ် ချစ်ခင်မြတ်နိုးပုံများကို ကိုယ်ပိုင်အမြင်၊ ခံစားချက်များဖြင့် အပြန်အလှန်ဆွေးနွေး ဖလှယ်ခဲ့ကြကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)