ဇေယျာသီရိမြို့နယ်၌ အမျိုးသမီးများအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

ဇေယျာသီရိ ဇန်နဝါရီ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ဖွင့်လှစ်သင်ကြားခဲ့သည်။

အဆိုပါသင်တန်းကို ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်မာနှင်းက အမျိုးသမီးများအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် အိမ်တွင်း တစ်ပိုင်တစ်နိုင် မိသားစုအပိုဝင်ငွေရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းနည်းပြ ဒေါ်ခင်မာဝင်းက ဆပ်ပြာဆီဖော်စပ်မည့်ပစ္စည်းများ၏ အကျိုးအာနိသင်နှင့် ဆိုးကျိုးများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အိမ်သုံးဆပ်ပြာဆီပြုလုပ်ပုံ၊ ပြုလုပ်နည်းအဆင့်ဆင့်ကိုပြုလုပ်ပြသရာ သင်တန်းသား၊ သင်တန်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သား၍ ကိုယ်တိုင်ပါဝင် လက်တွေ့ပြုလုပ်ဆောင်ရွက်ကြကာ သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)