ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ငါန်းဇွန် ဇန်နဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းပြီး စာရေးဆရာ ခင်ဆွေဦး၏ “အင်ကြင်းရဂုံ” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက အသိအမြင် ဗဟုသုတ တိုးပွားစေရန်နှင့်  စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေး ပြောကြားပြီး စာရေးသူ ခင်ဆွေဦး၏ အင်းကြင်းရဂုံဝတ္တုစာအုပ်မှ အကြောင်းအရာအကျဉ်းချုပ်နှင့် ဝတ္ထုဇာတ်လမ်းတွင်ပါဝင်သည့် အဓိက ဇာတ်ကောင်များအကြောင်းကို ရှင်းလင်းပြောကြားသည်။‌

ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) မှ အဖွဲ့ဝင် မောင်ကောင်းမြတ်သူ (Grade-8) က အင်ကြင်းရဂုံဝတ္ထုတွင် ပါဝင်သည့် သတင်းစာပညာ၊ သတင်းစာလုပ်ငန်းသည် လူထုကို မျက်စိဖွင့်ပေးသည့် မွန်မြတ်သည့် လုပ်ငန်းဖြစ်ကြောင်း၊ အရည်အချင်းမရှိသည့် လူပုဂ္ဂိုလ်မှ သတင်းစာလုပ်ငန်းကို လုပ်ကိုင်ပါက လူထုကို အဆိပ်ကျွေးသကဲ့သို့ ဖြစ်စေပါကြောင်း၊ ကိုလိုနီပညာရေးစနစ်ခေတ်က စက်မှုလက်မှု အရေးတော်ပုံအကြောင်း၊ နယ်ချဲ့ပေးသည်မှာ ကျွန်ပညာရေးဖြစ်သော်လည်း အခွင့်သာပါက ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားသင့်ကြောင်းကိုလည်းကောင်း၊ အဖွဲ့ဝင် မသက်မွန်ဆွေ (Grade-8) က အင်ကြင်းရဂုံဝတ္ထုမှ မှတ်သားဖွယ်ရာအနေဖြင့် လူငယ်များတွင် ဖြစ်တတ်သည့် စိတ်သဘောအရ တော်လှန်ပုန်ကန်ချင်စိတ်၊ မာနအပြည့်ရှိစိတ်မှာ adolescence age ဟုခေါ်ကြောင်း၊ လူငယ်များ စာဖတ်အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချိုမြင့်ကြည့်က လူငယ်များ စာဖတ်သင့်ကြောင်း၊ ကျောင်းပညာသာမက All Round Development အဘက်ဘက်မှ ပြည့်စုံဖွံ့ဖြိုးမှုရှိစေရန်၊ ရုပ်ရှင်ကြည့်ပါကလည်း အပျော်သဘောထက် ပညာမျက်စိဖြင့်သာ ကြည့်ရန်လိုအပ်ကြောင်းကိုလည်းကောင်း၊ “အင်ကြင်းရဂုံ” ဝတ္ထုစာအုပ်ပါ မှတ်သားဖွယ်ရာများကို မိမိတို့ ဖတ်ရှုနားလည်မှုများအလိုက် စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန်ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)