ရမည်းသင်း ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များအသိပညာဗဟုသုတကြွယ်ဝစေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆွေးနွေးပွဲများတွင် ပါဝင်တတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ရမည်းသင်းမြို့ သိမ်းကုန်းအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက အနာဂါတ်သား ကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်လာစေရန်နှင့် နှုတ်မှုစွမ်းရည်များပြည်ဝလာစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်သိမ့်သိမ့်မျိုးက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ကာ သိမ်းကုန်းအခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ(၄)ဦးမှ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးများကိုလည်းကောင်း၊ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် လူငယ်တွေမြန်မာ့ယဉ်ကျေးမှုဓလေ့များမပျောက်စေရေးကိုလည်းကောင်း၊ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် ကျောင်းသားလူငယ်များ ပညာရေးနှင့်အားကစားယဉ်တွဲမှသာ ကျန်းမာကြံခိုင်ပြီး နိုင်ငံအတွက်သားကောင်း/သမီးကောင်းများဖြစ်ပြီး ဘက်စုံဖွံဖြိုးတိုးတက်စေရေးကိုလည်းကောင်း၊ လူငယ်နှင့်ဆိုရှယ်မီဒီယာခေါင်းစဉ်ဖြင့် နည်းပညာမြင့်မားလာခြင်းနှင့်အညီ ဆိုရှယ်မီဒီယာကောင်းကျိုး၊ ဆိုးကျိုးများကိုလည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ ခေါင်းစဉ်အလိုက် ဆွေးနွေးမှုများ၏ သိရှိလိုမှုနှင့်မိမိသိရှိထားမှုကို ဖြည့်စွက်ဆွေးနွေးခဲ့ကာ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ဖြည့်စွက်ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်ပြပွဲတို့ကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ပြီး အဆိုပါစကားဝိုင်းသို့ သိမ်းကုန်းအခြေခံပညာအထက်တန်းကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်