ကျောက်ဆည် ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းသီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုလကျေးရွာ၌ စိုက်ပျိုးထားသည့် ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
ဆောင်းကြက်သွန်များစိုက်ပျိုးရာတွင် ဥတည်းစိုက်၊ မိတ်စားစိုက်နှင့် ပျိုးပင်စိုက်ဟူ၍ (၃)မျိုးရှိကြောင်း ဥတည်းစိုက်သည် ယခင်နှစ်က မျိုးစေ့များ ပျိုးထောင်၍ ပျိုးပင်ဘဝတွင် ဥအငယ်လေးများဖြစ်အောင် ပျိုးထောင်၍ နှုတ်ယူသိမ်းဆည်းပြီး ယခုနှစ်စိုက်ပျိုးချိန်မှ စိုက်ပျိုးရသည့်နည်းဖြစ်ကြောင်း၊ မိတ်စားစိုက်သည် ယခင်နှစ်က ပျိုးပင်ဘဝမှ နှုတ်ယူကာ မြေဘောင်များဖြင့် ရေသွင်းရေထုတ် စိုက်ပျိုးထားပြီး သိမ်းဆည်းရောင်းချရာတွင် သေးငယ်သည့် ကြက်သွန်ဥများကို ယခုနှစ်တွင် ပြန်လည်စိုက်ပျိုးသည့်နည်းဖြစ်ကြောင်း၊ မိတ်စားစိုက်ခြင်းသည့် ကြက်သွန်ဥနီးပါး ကြက်သွန်အမိတ်(ကြက်သွန်ဖူး)များထွက်ရှိပြီး ချိုးယူရောင်းခြင်း(ကြက်သွန်အမိတ်ကို ချိုးယူရောင်းချနိုင်ခြင်း)ကြောင့် မိတ်စားစိုက်ခြင်းဖြစ်ကြောင်းနှင့် ပျိုးပင်စိုက်ဆိုသည်မှ မျိုးစေ့များကို ပျိုးထောင်ပြီး ပျိုးသက်နုချိန်တွင် ပြောင်းရွေ့စိုက်ပျိုးသည့်နည်းဖြစ်ကြောင်း ကြက်သွန်စိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။
ကြက်သွန်နီတစ်ဧက စိုက်ပျိုးမည်ဆိုပါက မျိုးစေ့(၂)ပြည် ပျိုးထောင်စိုက်ပျိုးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့ဖိုးနှင့် ပျိုးထောင်စရိတ်၊ မြေပြင်ထွန်၊ ထယ်ပြောင်းရွေ့ စိုက်ပျိုးစရိတ် မြေဆီမြေဩဇာသွင်းအားစု၊ အပင်အားတိုးဆေး၊ ပိုးနှင်ဆေး၊ ပိုးသတ်ဆေးသွင်းအားစု၊ ရေသွင်း၊ ပေါင်းနှုတ်ရိတ်သိမ်းခြင်းအပါအဝင် စုစုပါင်း ငွေကျပ်(၁၀) သိန်းမှ (၁၂)သိန်းကျပ်အထိ စိုက်ပျိုးမြေအနေအထားနှင့် စိုက်ခင်းအခြေအနေအပါ်မူတည်၍ ကုန်ကျကြောင်း ကြက်သွန်နီစိုက် တောင်သူများထံမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)