မြစ်ကြီးနား ဇန်နဝါရီ ၂၂
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ(ဘောလုံး၊ဘောလီဘော၊ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ကြက်တောင်)ဖွင့်ပွဲအခမ်းအနားနှင့် ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားပေးနိုင်ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေး အတွက် ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြစ်ကြီးနားမြို့၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နံနက် ၈ နာရီတွင် မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ဖွင့်ပွဲ အခမ်းအနားကို တက္ကသိုလ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အားကစား အသင်းများအား နိုင်ငံတော်အနေဖြင့် ကျောင်းသားလူငယ်များအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှု မြှင့်တင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသည့် ထူးချွန်လူငယ်များ ပြုစုပျိုးထောင်နိုင် ရေးတို့ကို တစ်စိုက်မတ်မတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ ပြိုင်ပွဲဝင် ကြမည့် လူငယ်မောင်မယ်များအနေဖြင့် ပညာသင်နှစ်အလိုက် သတ်မှတ်ထားသည့် အားကစားနည်း များကို တက္ကသိုလ်တွင်းပြိုင်ပွဲ၊ ဇုန်အဆင့်/ ဇုံအလိုက်တက္ကသိုလ်များ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ် ပြိုင်ကြပြီး အဆိုပါ ပြိုင်ပွဲများမှတစ်ဆင့် တက္ကသိုလ်လက်ရွေးစင်မှသည့် နိုင်ငံလက်ရွေးစင်အဆင့်ထိ ဘက်စုံထူးချွန်သောလူငယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ တက္ကသိုလ်ပါမောက္ခချုပ်တို့က ပြိုင်ပွဲဝင် အားကစားအသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး အားကစားအဖွဲ့များက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကာ ပြည်နယ်ဝန်ကြီးချုပ်အား ချီတက်အလေးပြု၍ ကွင်းအတွင်း ထွက်ခွာခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ငွေကျပ်သိန်း ၂၀ နှင့် အားကစားအထောက်အကူပြု ပစ္စည်းများအား ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများထံ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် သင်္ချာဘာသာအသင်းနှင့် မြန်မာ၊ ပထဝီ၊ အရှေ့တိုင်း (၃)ဘာသာပေါင်းထားသည့် သံလွင်ဧရာအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို အားပေးကြည့်ရှုခဲ့ကြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့် ကော်မတီအဖွဲ့ ဝင်များ၊ စခန်းတာဝန်ခံများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားပေးရေး၊ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်း နိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် ယနေ့အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့် နိုင်ငံ့ဝန်ထမ်းများအပါအဝင် ဒေသခံများအား ထပ်မံကူညီမှုပေးနိုင်ရေး မြေပြင် စာရင်းအမှန်ကို စနစ်ပြုစုကောက်ယူရာတွင် ပူးပေါင်းပါဝင်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြည်နယ်အတွင်း နေရပ်စွန့်ခွာ စခန်းအခြေအနေများ၊ ပြန်လည်နေရာချထားရေးနှင့် စခန်းများ ပိတ်သိမ်းရေးအတွက် ဘဏ္ဍာနှစ် အလိုက် ဦးစီးဌာနများမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင် ဘာသာရေးခေါင်းဆောင် များနှင့်စခန်းတာဝန်ခံများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စခန်းများအလိုက် လိုအပ် ချက်များ၊ အခက်အခဲများ၊ ကူညီဖြည့်ဆည်းပေးရမည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်ကတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် အဆိုပါ အစည်းအဝေးခန်းမ၌ (၇၈)နှစ် မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီးကို ဖွဲ့စည်းထားပြီး ကော်မတီအချင်းချင်း အချိတ်အဆက်မိမိဖြင့် စည်းလုံးညီညွတ်စွာ ကျင်းပပြုလုပ်သွားကြရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။
ထို့နောက်ဆပ်ကော်မတီအလိုက် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ပေါင်းစပ် ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊ ရန်ပုံငွေတွက်ချက်လျာထားမှု အခြေအနေ များနှင့် အခမ်းအနားအထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဝတ္ထုတိုပြိုင်ပွဲများ၊ ဖူဆယ်ဘောလုံး၊ လက် ဝှေ့ပြိုင်ပွဲ၊ ဂျူဒိုပြိုင်ပွဲ၊ မီနီမာရသွန်ပြိုင်ပွဲနှင့်အတူ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပ သွားမည့် အစီအစဉ်များကို အသီးသီးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက် ဆိုင်ရာကဏ္ဍအလိုက် ဆပ်ကော်မတီအသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့နယ်စုပေါင်း ရုံး၊ မနောရွှေပြည်ခန်းမ၌ ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များမှ တိမ်းရှောင်လာခဲ့ကြသော ဌာနဆိုင်ရာ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ထမ်းများ အားပေးစကားပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် အာဆီယံအပေါင်း သုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR)အစီအစဉ် (၃)အရ ကိုရီးယားသမ္မတနိုင်ငံက လှူဒါန်းသော ဆန်အိတ် (၂၉၅)အိတ်၊ ဆီနှင့် ခရမ်းချဉ်သီးများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)