မော်လမြိုင် ဇန်နဝါရီ ၂၂
ကလေးများကို ကာကွယ်သည့် ဥပဒေများ၊ ကလေးအလုပ်သမားအကြောင်း သိရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို မော်လမမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာ၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်နှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ မော်လမြိုင်ခရိုင် စစ်ဆေးရေးမှူး ဒေါ်ဆုဝေဝေဖြိုးတို့က ကလေးအလုပ်သမားအဓိပ္ပာယ်၊ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းအဓိပ္ပာယ်၊ ကလေးအလုပ်သမားဖြစ်ပေါ်စေသည့် အကြောင်းတရားများ၊ မူဝါဒနှင့်ဥပဒေအကြောင်းအရာ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်မှုစသည့်တို့ကို အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းများသည် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပြီး နိုင်ငံတော်၏ အနာဂတ်ပုံရိပ် ကောင်းမွန်ရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်သဖြင့် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးအတွက် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်နှင့် အလုပ်ဌာနများမှ တာဝန်ခံများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)