တောင်ဥက္ကလာပ ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ(၁:၀၀)နာရီအချိန်က အမှတ်(၁၃)အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်သံကျွမ်းကျင်-၃(အင်အားပြ) ဒေါ်သီတာအေးက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းအကျိုးကျေးဇူးနှင့်အသိပညာဗဟုသုတတိုးပွားရေးအတွက် အားလပ်ချိန်၌ ကျောင်းစာအပြင် ပြင်ပစာအုပ်၊ စာပေများဖတ်ရှုလေ့လာကြဖို့လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် နွေရာသီကျောင်းပိတ်ရက်တွင် ပန်းချီရေးဆွဲနည်း(အခြေခံ)သင်တန်း(အခမဲ့)ဖွင့်လှစ်မည်ဖြစ်၍ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ လာရောက်မေးမြန်းစုံစမ်းပြီး တက်ရောက်နိုင်ကြောင်းသိရှိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များဖတ်ရှုလေ့လာခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များပြသထားရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သတင်းရရှိသည်။
သီတာအေး(ပြန်/ဆက်)